အဆောက်အအုံများ၊ လမ်း၊ တံတားများ တည်ဆောက်ရာတွင် လက်ရှိ အသုံးပြုလျက်ရှိသော သံကူ ကွန်ကရစ် နည်းပညာနေရာတွင် သံမဏိမျှင် နည်းပညာကို အစားထိုး သုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သော နည်းပညာ ဟောပြောပွဲ တစ်ခုမှ သိရသည်။
သံမဏိမျှင်နည်းပညာ ဆိုသည်မှာ သံကူကွန်ကရစ် (RC) တွင် သံချောင်းကြီးများ ထည့်သွင်းမည့် အစား သံမဏိမျှင်ကလေးများအား ထည့်သွင်းသည့် နည်းပညာဖြစ်ကြောင်း၊ Tensile Strength နှင့် Soft Strength ပိုမိုသာလွန်ကြောင်း၊ ကွန်ကရစ် အဆောက်အအုံများတွင် အဖြစ်များသည့် ကွဲအက်ခြင်းကို အကာအကွယ် ပေးနိုင်ကြောင်း သိရသည်။ ထို့အပြင် သံမဏိမျှင်ကွန်ကရစ် (Steel Fibre Reinforced Concrete) သည် ဝင်ဆောင့်မိသည့်ဒဏ် (Impact) ၊ မျက်နှာပြင် တိုက်စားသည့် ဒဏ်တို့ကို အထူးခံနိုင်ရည်ရှိသဖြင့် လမ်း၊ တံတား၊ လေယာဉ်ပြေးလမ်းများတွင် အသုံးပြုရန်အတွက် အထူး အသုံးတည့်ကြောင်း သိရသည်။ အဓိကအားဖြင့် သံမဏိမျှင်လေးမျိုး ရှိပြီး ဆွဲဆန့်ခံနိုင်ရည် ကွာခြားမှုရှိကြောင်း၊ ကွန်ကရစ်ရောမွှေ ပေးရကြောင်း၊ သံမဏိမျှင်နှင့် ဘိလပ်မြေ အချိုးအစားမှာ သုံးစွဲသည့် နေရာအလိုက် ကွာခြားမှု ရှိကြောင်း သိရသည်။ တည်ဆောက်ရေး အပိုင်း၌ အားသာချက်များ အနေဖြင့် သံဘောင် ခွေစရာ မလိုတော့ခြင်း၊ ထောင့်ချိုးအကွေ့များ တည်ဆောက်ရ လွယ်ကူခြင်း၊ ကွန်ကရစ်လောင်းလိုက်ရုံနှင့် အလုပ်ပြီးမြောက်နိုင်ခြင်း အစရှိသည်တို့ ရှိလာမည်ဟု ဆိုသည်။ ကွန်ကရစ်၏ ဝန်ခံနိုင်ရည်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ ကွဲအက်မှုဒဏ် ခံနိုင်ခြင်း၊ ကွဲအက်ပြီး သွားလျှင်ပင် ဝန်ခံနိုင်ရည် အားရှိနေခြင်း အစရှိသော အမာခံ အားသာချက်များလည်း ရှိကြောင်း သိရသည်။ သံချောင်းကြီးများကို အသုံးပြုထားသော သံကူကွန်ကရစ်တွင် အက်ကြောင်းများမှ တစ်ဆင့် ရေငွေ့ဝင်ကာ သံချေးတက်ခြင်း ဖြစ်ပွားပါက သံကူကွန်ကရစ် သုံးစွဲမှုတွင် သံမဏိမျှင် နည်းပညာ အစားထိုး သုံးစွဲနိုင် ပင်မအူတိုင် တစ်ခုလုံး ပျက်စီးသွားကာ ကြံ့ခိုင်မှု ကျဆင်းသွားတတ်ကြောင်း၊ သံမဏိမျှင် နည်းပညာ ကွန်ကရစ်တွင်မူ ရေဝင်ပါက အနည်းငယ်သာ ထိခိုက်မှု ရှိကြောင်း သိရသည်။ လက်ရှိ သံကူကွန်ကရစ် နည်းပညာနှင့် သံမဏိမျှင် နည်းပညာတို့ကို ပေါင်းစပ် အသုံးချ၍လည်း ဖြစ်နိုင်ကြောင်း သိရသည်။ ယခုနည်းပညာနှင့် ပတ်သက်သည့် ဟောပြောပွဲကို Aung Pyae Phyo Oo Construction နှင့် K.H.I International တို့မှ ပူးပေါင်း စီစဉ်ကာ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချန်ရှသိပ္ပံနှင့် နည်းပညာတက္ကသိုလ်၊ သယ်ယူပို့ဆောင်ရေး အင်ဂျင်နီယာ ကျောင်းမှ ပါမောက္ခ Dr.Jiusuli က တက်ရောက် ဟောပြောခဲ့ပြီး မြန်မာအင်ဂျင်နီယာ ပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများနှင့် စာနယ်ဇင်းသမားများ တက်ရောက်ခဲ့သည်။ သံမဏိမျှင်နည်းပညာနှင့် ပတ်သက်၍ Aung Pyae Phyo Oo Construction မှ Executive Director ဦးဇော်နိုင်မိုးသို့ မေးမြန်းခဲ့ရာတွင် “မြန်မာနိုင်ငံတွင် သံမဏိမျှင် နည်းပညာ သုံးစွဲမှု နည်းပါး နေပါသေးတယ်။ တချို့နေရာတွေမှာတော့ အနည်းအကျဉ်း သုံးစွဲထားတာကို တွေ့ရပါတယ်။ ဒီနည်းပညာကို အမေရိကန်စစ်ဘက်မှာ စတင် အသုံးပြုခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်ရောက်မှ အများပြည်သူတွေရဲ့ အဆောက်အအုံတွေမှာ သုံးစွဲဖို့အတွက် အတည်ပြုပေးခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။ အရှေ့တောင် အာရှဒေသအတွက် သံမဏိမျှင်စက်ရုံကို တရုတ်တိုင်ပေ၌ စတင် တည်ထောင်ခဲ့ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ အစရှိသော ကမ္ဘာ့အရှေ့ဖျား နိုင်ငံများ၌ အသုံးများလျက် ရှိကြောင်း သိရသည်။ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်အစရှိသော နိုင်ငံများ၌ လေယာဉ်ပြေးလမ်း တည်ဆောက်ရာတွင် အဓိက သုံးစွဲလျက်ရှိကြောင်း၊ ဤနည်းပညာသုံးစွဲပါက ကုန်ကျစရိတ် နည်းနည်းဖြင့် သက်တမ်းရှည်သော လမ်း၊ တံတား၊ အဆောက်အအုံများကို တည်ဆောက်နိုင်ကြောင်း၊ Soft Strength ရှိခြင်းကြောင့် ငလျင်အစရှိသော သဘာဝ ဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိကြောင်း သိရသည်။ အဆိုပါ နည်းပညာဖြင့် ကွန်ကရစ်ဇလီ ဖာတုံးများ၊ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်နိုင်ကြောင်း သိရသည်။ ဤနည်းပညာနှင့် ပတ်သက်၍ စိတ်ဝင်စားပါက Aung Pyae Phyo Oo Construction ဖုန်း-၀၁ ၆၁၃၇၂၃၊ ၆၁၃၆၆၈၊ ၆၁၇၁၆၆ တို့၌ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
ဝေယံဟိန်း
http://teashoptalk.com/article/view/id/3428
No comments:
Post a Comment