Chin Engineering Groups

Wednesday, October 12, 2011

နှစ် ၁၀၀၊ နှစ် ၉၀၊ ၇၅ နှစ်၊ နှစ် ၅၀ ပြည့် အတိတ်၏ သမိုင်းဝင် နေ့စွဲများနှင့် ၂၀၁၁

အတိတ်သမိုင်း စာမျက်နှာများထက်၌ ကျန်ရစ်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ မေ့ဖျောက်မရနိုင်သည့် အတိတ်သမိုင်းဝင် နေ့စွဲများထဲမှ အချို့ကို ပြန်လည် ဖော်ပြအပ်ပါသည်။ ထိုသို့ ဖော်ပြရာတွင် ၂၀၁၁ ခုနှစ်အတွင်း နှစ် ၁၀၀ ပြည့်၊ နှစ် ၉၀၊ ၇၅ နှစ်ပြည့်နှင့် နှစ် ၅၀ ပြည့်မြောက်မည့် အဖြစ်အပျက်များ၊ အကြောင်းအရာများကို အဓိကထား ဖော်ပြပါသည်။ ကျန်ရစ်ခဲ့ပြီ ဖြစ်သော သမိုင်းဖြတ်စ အမှတ်ရဖွယ်များက မျက်မှောက်ခေတ်နှင့် ဆက်စပ်မှု ရှိနေကြောင်းကို ပြန်လည် မြင်တွေ့ကြရမည် ဖြစ်ပါသည်။

b34126
နှစ် ၁၀၀ ပြည့်
ဇူလိုင် ၄ - သူရိယသတင်းစာ စတင် ထုတ်ဝေခဲ့ခြင်း နှစ် ၁၀၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ သူရိယ သတင်းစာကို ၀ိုင်အမ်ဘီအေ အသင်းအား ထူထောင်ခဲ့သူ တစ်ဦးဖြစ်သည့် ဦးဘဘေက ဦးလှဖေ၊ ဦးဘကလေးတို့နှင့် တိုင်ပင်ပြီး ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ သတင်းစာကို စတင် ထုတ်ဝေစဉ်က တစ်ပတ်တစ်ကြိမ်၊ တစ်လ လေးကြိမ် ထုတ်ဝေခဲ့ပါသည်။ ၁၉၁၅ ခုနှစ်မှ စတင်ပြီး နေ့စဉ်ထုတ် သတင်းစာ အဖြစ် ဆက်လက် ထုတ်ဝေခဲ့ပါသည်။ သူရိယ သတင်းစာ၌ အယ်ဒီတာများ အဖြစ် ဦးဘဘေ၊ ဦးတုတ်ကြီးနှင့် မစ္စတာမောင်မှိုင်း ကလောင်အမည်ခံ ဆရာလွန်း(သခင်ကိုယ်တော်မှိုင်း) တို့က ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် သူရိယသတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ပါသည်။
နှစ် ၉၀ ပြည့်
ဇန်န၀ါရီ ၂ - ဆရာဦးဘတင်(မြို့မ)၏ ဦးဆောင်မှုဖြင့် အမျိုးသားကျောင်း ဖွင့်လှစ်နိုင်ခဲ့ခြင်း နှစ်ကိုးဆယ်ပြည့် နေ့ရက် ဖြစ်ပါသည်။
ဇန်န၀ါရီ ၅ - ရန်ကုန်တက္ကသိုလ် စတင် ဖွင့်လှစ်သည့် နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ထိုသို့ ဖွင့်လှစ်ရာတွင် ရန်ကုန်ကောလိပ်မှ ကျောင်းသား ၂၇၀ ဦးက ကျောင်းပြန်တက်ပြီး ဂျပ်ဆင်ကောလိပ်မှ ကျောင်းသား ၇၄ ဦး က ကျောင်း ပြန်တက်ခဲ့ပါသည်။ သို့သော် ရန်ကုန်ကောလိပ်မှ ကျောင်းသား ၄၇ ဦးနှင့် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသား ၂၁ ဦးတို့မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်သည့် အနေဖြင့် ကျောင်းပြန်မတက်ဘဲ နေခဲ့ပါသည်။
ဖေဖော်ဝါရီ ၁၂ - အမျိုးသားပညာရေး ကောင်စီ (Council of National Education) ကို ဖွဲ့စည်းနိုင်ခဲ့သည့် နှစ် ၉၀ ပြည့် နေ့ရက်ဖြစ်ပါသည်။ အဆိုပါ ကောင်စီတွင် အမ်အေမောင်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ကောင်စီ၌ အမှုဆောင် အဖွဲ့ဝင် ၃၂ ဦး ပါဝင်ခဲ့ပါသည်။
ဇန်န၀ါရီ ၁၃ - ဒေါ်စောအုံ ဦးဆောင်၍ အမျိုးသား မိန်းကလေးကျောင်း ဖွင့်လှစ်နိုင်ခဲ့ခြင်း နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ဒေါ်စောအုံသည် ဖေပုရှိန် ကိုယ်စားလှယ် အဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးထွန်ရှိန်၏ အစ်မ ဖြစ်ပါသည်။
ဧပြီ ၃ - မြန်မာပြည် ရေနံမြေ အလုပ်သမားအသင်းကြီး(The Burma Oil Field Labour's Uniion) ကို တည်ထောင်နိုင်သည့် နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ထိုအသင်းကြီးကို ဦးမျိုးညွန့်က ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရေနံချောင်း ရေနံမြေလုပ်သား တို့၏ ရှေ့ဆောင်အဖွဲ့ကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ အဆိုပါ အသင်းကြီးကို ရေနံချောင်းမြို့ ကျောက်စာရုံဘုရား ကျောင်းတိုက်၌ ရေနံမြေ အလုပ်သမားများ အစည်းအဝေး ပြုလုပ်ပြီး တည်ထောင်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
မေ ၂၀ - နာမည်ကျော် ၀တ္ထုဖြစ်သော စံပယ်ပင် ၀တ္ထုကို ရေးသားခဲ့သည့် စာရေးဆရာကြီး ဦးလတ် ကွယ်လွန်ခဲ့ခြင်း နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ဦးလတ်သည် ၁၈၆၆ ခုနှစ်ဖွား တစ်ဦးဖြစ်ပြီး ရာဇ၀တ်ဝန်ထောက် တစ်ဦးဖြစ်ကာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံး ကျွမ်းကျင်သူ ဖြစ်ပါသည်။ စံပယ်ပင် ၀တ္ထုကို ၁၉၁၂ ခုနှစ်က ပုဇွန်တောင် ဇေယျသူရိန် စာအုပ်တိုက်မှ ထုတ်ဝေခဲ့ပါသည်။ စံပယ်ပင်သည် ဦးလတ်၏ ပထမဆုံး လက်ရာဖြစ်ပါသည်။ ၁၉၁၃ ခုနှစ်တွင်မူ ဦးလတ်၏ နာမည်ကျော် ၀တ္ထုပင် ဖြစ်ခဲ့သည့် ရွှေပြည်စိုးဝတ္ထု ထွက်ရှိခဲ့ပါသည်။ 'သုံးဘုံ'နှင့် 'တနန်းပျော် ရင်သွေးတော်' ၀တ္ထုများမှာလည်း ဦးလတ်၏ ကျော်ကြားသော ၀တ္ထုများ ဖြစ်ခဲ့ပါသည်။
ဇူလိုင် ၃ - ဂျီစီဘီအေ အသင်းချုပ် အစည်းအဝေး ကျင်းပနေစဉ် သာယာဝတီ ရှေ့နေ ဦးပုက ဟုမ္မရူး (Home Rule) အသင်း ထူထောင်ရန် အဆိုတင်သွင်းခဲ့သော နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ယင်းသို့ အဆိုတင်သွင်းမှုကို ဂျီစီဘီအေ အစည်းအဝေးမှ သဘောတူ အတည်ပြုခဲ့ပါသည်။

'ငရဲခွေးကြီး လွတ်နေပြီ' ပေးစာကို အိုးဝေမဂ္ဂဇင်း၌ ဖော်ပြခဲ့ခြင်း ၇၅ နှစ်ပြည့် ဖြစ်သည်။ အဆိုပါ ပေးစာကို ၁၉၃၆ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်း အတွဲ ၅ အမှတ် ၁ တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ပေးစာကို ဆရာဦးညိုမြ(အမည်ရင်း ကိုသိန်းတင်)က ယမမင်း အမည်ဖြင့် အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်ကဏ္ဍပိုင်း အယ်ဒီတာထံ ပေးစာတွင် The Hell Hound At Large ဟု ခေါင်းစဉ်ပေးပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုပေးစာရေးသူကို ဖော်ထုတ်ပေးရန် အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာစလော့က အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးခဲ့သည်။
သြဂုတ် ၁၄ - ရန်ကုန်မြို့ ဗဟန်းရပ်ရှိ ရွှေကျင်ကျောင်းတိုက် ဦးအရိယကျောင်း၌ အမျိုးသားကောလိပ် ဖွင့်လှစ်နိုင်ခဲ့ခြင်း နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။
သြဂုတ် ၂၈ - မြန်မာနိုင်ငံလုံးဆိုင်ရာ ဟုမ္မရူး အသင်းကြီး၏ ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့သော နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ထို အစည်းအဝေးကို ရန်ကုန်မြို့ စစ်ကဲမောင်ထော်လေးလမ်း(ယခု ဗိုလ်ဆွန်ပက်လမ်း)ရှိ အရစ်ဟောရုံ၌ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေး၌ပင် ဂျီစီဘီအေ အသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ၀တ်လုံတော်ရ ဦးချစ်လှိုင်ကို အသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ကာ ဟုမ္မရူးအသင်းနှင့် ဂျီစီဘီအေ အသင်းတို့ကို ချိတ်ဆက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သြဂုတ် ၂၉ - မန္တလေး တက္ကသိုလ် ပင်မဆောင်ကြီး အုတ်မြစ်ချခဲ့သည့် နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။
စက်တင်ဘာ ၂၀ - မြင်ကွန်းမင်းသားကြီး ကွယ်လွန်ခဲ့သည့် နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ၁၈၄၂ ခု ဖွားဖြစ်သော မြင်ကွန်းမင်းသားကြီးသည် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံ (ယခု ဟိုချီမင်းမြို့)၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ် ရှိပြီ ဖြစ်ပါသည်။
အောက်တိုဘာ ၂၁ - ဂျီစီဘီအေ အသင်းကြီး၏ နောက်ဆုံးညီလာခံ ဖြစ်လာမည့် (၉) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပခဲ့သည့် နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ထိုညီလာခံကို မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး နေမျိုး သိဒ္ဓိကျော်ထင်ဘွဲ့ခံ တပယင်းဝန်ထောက် ဦးမြဲက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ညီလာခံ၌ ရွှေတိဂုံစေတီ ကုန်းတော်ပေါ်မှ အင်္ဂလိပ်ခံတပ် ရွှေ့ပြောင်းပေးရေး၊ ၀ှိုက်ကော်မတီနှင့် ဝေလမင်းသားအား သပိတ်မှောက်ရန် နှင့် အမျိုးသားနေ့ သတ်မှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ဂျီစီဘီအေ အသင်းကြီးသည် ၁၉၂၂ ခုနှစ်တွင် အင်္ဂလိပ်ကပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံသင့်၊ မခံသင့် သဘောကွဲလွဲရာမှ ပထမဆုံးအကြိမ် နှစ်ဖွဲ့ကွဲသွားခဲ့သည်။ ဦးချစ်လှိုင် ဦးဆောင်သော သပိတ်မှောက် ဂျီစီဘီအေနှင့် ဦးဘဘေ ဦးစီးသော ၂၁ ဦး ဂျီစီဘီအေ ဟူ၍ ကွဲခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အစိတ်စိတ်အမြွှာမြွှာ ကွဲမှုများ ထပ်မံ ဖြစ်ပေါ်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ် နောက်ပိုင်းမှ စတင်ပြီး မှေးမှိန်သွားခဲ့သည်။
အောက်တိုဘာ ၂၄ - ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကောလိပ် ကျောင်းသားများ သပိတ်မှောက်ခဲ့သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အဆို တင်သွင်းခဲ့သည့် နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ယင်းသို့ အဆိုတင်သွင်းမှုကို မန္တလေးမြို့၌ ကျင်းပနေသည့် (၉)ကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်တွင် ဦးမြင့်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ နောင်တွင် ဦးမြင့် တင်သွင်းခဲ့သော အဆိုအရ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ ဟု သတ်မှတ်ခဲ့ပြီး ဦးမြင့်၏ အမည်မှာလည်း နေရှင်နယ်ဦးမြင့်ဟု အမည်တွင် ခဲ့ပါသည်။
နိုဝင်ဘာလ ၂၈ - ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်ကို ကျင်းပနိုင်ခဲ့သည့် နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ အဆိုပါ ဘွဲ့နှင်းသဘင်ကို ရန်ကုန်တက္ကသိုလ် ပရ၀ဏ်အတွင်းရှိ ဂျူဗလီဟော၌ ကျင်းပခဲ့ခြင်း ဖြစ်ကာ ရန်ကုန်တက္ကသိုလ်၏ အဓိပတိ ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် တက်ရောက်ပြီး ဘွဲ့များ ပေးအပ်ခဲ့ပါသည်။ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်၌ ၀ိဇ္ဇာဘွဲ့ ရရှိသူ ၂၃ ဦး၊ ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ ရရှိသူ ၉ ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ ရရှိသူ တစ်ဦးနှင့် ဥပဒေ ၀ိဇ္ဇာဘွဲ့ ရရှိသူ ၁၄ ဦး ရှိခဲ့ပါသည်။ ထို့ အပြင် အဆိုပါ ဘွဲ့နှင်းသဘင်၌ အဂ္ဂမဟာပဏ္ဍိတ မဟာထေရ် လယ်တီဆရာတော် ဦးဉာဏဓဇကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (D.Litt) ဘွဲ့ကို ဆက်ကပ်ခဲ့ပါသည်။ ဘွဲ့နှင်းသ ဘင်သို့ လယ်တီဆရာတော်ကြီး တက်ရောက်ခဲ့ခြင်း မရှိပေ။ လယ်တီဆရာတော်ကြီးသည် ရန်ကုန်တက္ကသိုလ်မှ D.Litt ဘွဲ့ကို ပထမဆုံးအကြိမ် ရရှိခဲ့သည့် စာပေအကျော်အမော် တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
ဒီဇင်ဘာ ၄ - မြန်မာနိုင်ငံသို့ လာရောက်မည့် ဝေလမင်းသားကို သပိတ်မှောက်ခဲ့ကြသည့် ဂျီစီဘီအေ ၀ံသာနု ခေါင်းဆောင်များကို ဖမ်းဆီးပြီး နယ်ရပ်များသို့ ပို့ဆောင်ခဲ့သည့် နှစ် ၉၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ဖမ်းဆီးပို့ခံရသည့် ပုဂ္ဂိုလ်များမှာ အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်လှိုင်(တောင်ကြီးသို့)၊ အသင်းချုပ် ဒုဥက္ကဋ္ဌ ဦးဘစီ(ကော့သောင်းသို့)၊ ၀တ်လုံဦးကွန်း (လားရှိုးသို့)၊ လွယ်အိတ်ကြီး ဦးဘလှိုင် (မော်လိုက်သို့)၊ မြန်မာ့အလင်းဦးစိမ်း(ဟုမ်းမလင်းသို့)၊ မန္တလေးဦးဘဦး(သံတွဲသို့) နှင့် စီပီဦးခင်မောင်(မြစ်ကြီးနားသို့)တို့ ဖြစ်ကြပါသည်။ ဝေလမင်းသားသည် ၁၉၂၂ ခုနှစ်၌ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။
၇၅ နှစ်ပြည့်
ဖေဖော်ဝါရီ - ''ငရဲခွေးကြီး လွတ်နေပြီ'' ပေးစာကို အိုးဝေမဂ္ဂဇင်း၌ ဖော်ပြခဲ့ခြင်း ၇၅ နှစ်ပြည့် ဖြစ်သည်။ အဆိုပါ ပေးစာကို ၁၉၃၆ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်း အတွဲ ၅ အမှတ် ၁ တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ပေးစာကို ဆရာဦးညိုမြ(အမည်ရင်း ကိုသိန်းတင်)က ယမမင်း အမည်ဖြင့် အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်ကဏ္ဍပိုင်း အယ်ဒီတာထံပေးစာတွင် The Hell Hound At Large ဟု ခေါင်းစဉ်ပေးပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုပေးစာ ရေးသူကို ဖော်ထုတ်ပေးရန်အတွက် ရန်ကုန် တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာစလော့က အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းကို ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးခဲ့သည်။ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသဖြင့် ကျောင်းထုတ်ရန် စီစဉ်ခဲ့သည်။ ကိုအောင်ဆန်းအား တက္ကသိုလ်မှ သုံးနှစ် ထုတ်ပယ်ခဲ့သည်။ The Hell Hound At Large ပေးစာတွင် ငရဲခွေးအဖြစ် အနှိုင်းခံရသူမှာ ဘာဆာ (Bur Sar) ခေါ် တက္ကသိုလ်ကျောင်းငွေထိန်း ဦးတင် ကို ဆိုလိုခဲ့ခြင်း ဖြစ်ပါသည်။ ဘာဆာဦးတင်မှာ မျက်နှာဖြူ ကျောင်းအုပ်ကြီးအပေါ် မျက်နှာလုပ်တတ်ပြီး ကျောင်းသားများကို ဖိနှိပ်လေ့ရှိကြောင်း သိရသည်။ ဘာဆာဦးတင်သည် ဖဆပလအစိုးရ လက်ထက်၌ ကျန်းမာရေးဝန်ကြီး မြန်အောင်ဦးတင် အဖြစ် ထင်ရှားပါသည်။
ဖေဖော်ဝါရီ ၂၁ - ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာစလော့က ကိုနုအား ကျောင်းထုတ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည့် ၇၅ နှစ်မြောက် နေ့ရက် ဖြစ်ပါသည်။
ဖေဖော်ဝါရီ ၂၅ - ရန်ကုန်တက္ကသိုလ် ဒုတိသကျောင်းသားသပိတ် စတင်ခဲ့သော ၇၅ နှစ်မြောက် နေ့ရက် ဖြစ်ပါသည်။
ဖေဖော်ဝါရီ ၂၆ - အဖွဲ့ဝင် ၃၁ ဦးပါ သပိတ်မှောက် ကောင်စီကို ရွှေတိဂုံ စေတီတော် တောင်ဘက် စောင်းတန်းရှိ မော်လမြိုင်ဇရပ်၌ ဖွဲ့စည်းခဲ့သော ၇၅ နှစ်ပြည့် နေ့ရက် ဖြစ်ပါသည်။ အဆိုပါ သပိတ်မှောက် ကောင်စီတွင် ကိုနု၊ ကိုရာရှစ်၊ ကိုအုန်း၊ ကိုသီဟန်၊ ကိုကျော်ငြိမ်း၊ ကိုထွန်းတင်၊ ကိုထွန်းအုံ၊ ကိုလှဖေ၊ ကိုဘဆက်၊ ကိုထွန်းဖေ၊ ကိုအောင်ဆန်း၊ မအုန်း၊ မခင်မြ၊ မအမာ စသူတို့ ပါဝင်ခဲ့ကြပါသည်။
မတ် ၃ - သီပေါမင်း၏ စတုတ္ထသမီးတော် ထိပ်စုမြတ်ဘုရားကလေး ကွယ်လွန်သည့် ၇၅ နှစ်မြောက် နေ့ရက် ဖြစ်သည်။ ထိပ်စုမြတ်ဘုရားကလေးသည် မော်လမြိုင်မြို့ရှိ စံအိမ်တော်၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
မေ ၈ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ပထမဆုံးအကြိမ် ကွန်ဖရင့်ကို ဂျူဗလီဟော၌ ကျင်းပခဲ့သည့် ၇၅ နှစ်ပြည့် နေ့ရက် ဖြစ်သည်။ ယင်း ကွန်ဖရင့်အား မေလ ၉ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
မေ ၁၀- ကျောင်းသားများ၏ တောင်းဆိုချက်ကို လိုက်လျောခဲ့သောကြောင့် ရန်ကုန်တက္ကသိုလ် သပိတ်မှောက် ကောင်စီမှ သပိတ်လှန်ခဲ့ပြီး ဒုတိယ ကျောင်းသားသပိတ် ပြီးဆုံးသည့် ၇၅ နှစ်မြောက် နေ့ရက် ဖြစ်သည်။
မေ ၂၈ - အမျိုးသားတက္ကသိုလ် ထူထောင်ရေးအတွက် ဆပ်ကော်မတီဖွဲ့ရန် စည်းဝေးခဲ့သော ၇၅ နှစ်မြောက် နေ့ရက် ဖြစ်သည်။ အစည်းအဝေးတွင် စက်သူဌေး ဦးသွင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကိုအောင်ဆန်းက အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဒီးဒုတ်ဦးဘချို၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ ၀တ်လုံဦးကျော်မြင့်၊ ၀တ်လုံဦးသိန်းမောင်၊ ၀တ်လုံဦးသန်းမောင်၊ ဒေါ်ခင်ခင်ကြီး၊ ဦးထွန်းညို၊ ဦးဘသော်၊ ဦးဘခိုင်နှင့်ကိုနုတို့ ပါဝင်သော ကော်မတီအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ဇွန် ၁၅ - ရန်ကုန်မြို့တော်ခန်းမကို ဖွင့်လှစ်ခဲ့သည့် ၇၅ နှစ်ပြည့် နေ့ရက် ဖြစ်ပါသည်။ အဆိုပါ မြို့တော်ခန်းမကို တည်ဆောက်ခဲ့သူမှာ မြန်မာအင်ဂျင်နီယာ ဦးတင် ဖြစ်ပါသည်။ မြို့တော်ခန်းမအား မြန်မာပြည်ဘုရင်ခံ ဆာချီဘောလ် ကော့ကရိန်းက ဖွင့်လှစ်ပေးခဲ့ပါသည်။
ဇူလိုင် ၅ - အမျိုးသားတက္ကသိုလ် ထူထောင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကွန်ဖရင့်ကို မြို့မ အထက်တန်းကျောင်း၌ ကျင်းပခဲ့သော ၇၅ နှစ်မြောက် နေ့ရက် ဖြစ်ပါသည်။
သြဂုတ် ၇ - ရန်ကုန်မြို့ မြို့မကျောင်း၌ အမျိုးသား တက္ကသိုလ်ကို စတင် ဖွင့်လှစ်နိုင်ခဲ့သည့် ၇၅ နှစ်မြောက် နေ့ရက် ဖြစ်ပါသည်။
နိုဝင်ဘာ - ၉၁ ဌာန အုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲများ ကျင်းပခဲ့သည့် ၇၅ နှစ်မြောက် နေ့ရက် ဖြစ်ပါသည်။
နှစ် ၅၀ ပြည့်
ဧပြီ ၁- ဗမာ့ခေတ်သတင်းစာ ထုတ်ဝေမှု ရပ်စဲခဲ့သည့် နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ဗမာ့ခေတ် သတင်းစာကို ၁၉၄၂ ခုနှစ် အချိန်က ရန်ကုန်မြို့ ဗမာနိုင်ငံတော် အစိုးရ ပုံနှိပ်တိုက်က စတင် ထုတ်ဝေပြီး ၁၉၄၄ ခုနှစ် အချိန်တွင် အယ်ဒီတာ ဦးထွန်းဖေက ဦးစီး ထုတ်ဝေပါသည်။ ၁၉၄၅ ခုနှစ် အချိန်တွင်မူ ဦးအုန်းခင်က ထပ်မံ ထုတ်ဝေခဲ့ပါသည်။
မေ - ဦးဖေမောင်တင်အား ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ဂုဏ်ထူးဆောင် မြန်မာပါမောက္ခအဖြစ် တာဝန်ပေးခဲ့သည့် နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်ပါသည်။

မေ ၁ - ဦးလောရုံက အယ်ဒီတာချုပ်နှင့် ထုတ်ဝေသူ အဖြစ် တာဝန်ယူပြီး ထုတ်ဝေသည့် နိုင်ငံသစ် မြန်မာ့သတင်းစာ ထုတ်ဝေခဲ့ခြင်း နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်ပါသည်။
မေ ၅ - ယုဝတီ နေ့စဉ်သတင်းစာ စတင် ထွက်ရှိသည့် နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ အဆိုပါ သတင်းစာမှာ ၁၉၆၄ ခုနှစ်တွင် ထုတ်ဝေမှု ရပ်စဲခဲ့သည်။
ဇွန် - မဏ္ဍိုင်သတင်းစာ အယ်ဒီတာ ဖြစ်သည့် ဦးထိန်လင်း ဦးဆောင်ပြီး ထုတ်ဝေခဲ့သည့် တံခွန် အားကစားဂျာနယ် ထွက်ရှိခဲ့ခြင်း နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်သည်။
ဇွန် ၅ - ဒဂုန်ဦးဘတင် ကွယ်လွန်ခဲ့သည့် နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်ပါသည်။ ဒဂုန်ဦးဘတင်သည် ၁၈၉၄ ခုဖွား တစ်ဦး ဖြစ်ပြီး မြန်မာ့ရုပ်ရှင်ခေတ်ဦး၌ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်လုပ်သူ အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ ပထမဆုံး နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင်လည်း ဖြစ်သည်။
ဇူလိုင် ၄ - သခင်သန်းထွန်း၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် စာကို သခင်ကိုယ်တော်မှိုင်းက ၀န်ကြီးချုပ် ဦးနုထံ ပေးပို့ခဲ့သော နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်သည်။
ဇွန် ၁၆ - ဗမာ့ခေတ် ဦးအုန်းခင် ဦးစီးသော မိုးကြိုး နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခဲ့သည့် နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်ပါသည်။
ဇွန် ၂၄ - မိုးဒေ၀ါမလှရွှေ ကွယ်လွန်ခဲ့သည့် နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်သည်။
ဇူလိုင် ၁၅ - အင်းစိန်လမ်း ကြို့ကုန်းရှိ မြန်မာ့စက်မှုတက္ကသိုလ် အဆောက်အဦများ လွှဲပြောင်း လက်ခံပွဲ ကျင်းပသည့် နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်သည်။
နိုဝင်ဘာ ၃၀ - ဦးသန့်အား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ရာထူး၌ ငါးနှစ်ထမ်းဆောင်ရန် ရွေးချယ်ခဲ့သော နှစ် ၅၀ ပြည့် နေ့ရက် ဖြစ်သည်။
ဒီဇင်ဘာ - ပြည်လမ်းရှိ အင်ဂျင်နီယာ မဟာဌာနကို ကြို့ကုန်းသို့ ပြောင်းရွှေ့ပြီး မြန်မာ့စက်မှုတက္ကသိုလ် ဟူ၍ ခေါ်ဆိုခဲ့သည့် နှစ် ၅၀ ပြည့် ဖြစ်သည်။
ကျမ်းကိုး။   ။ မြန်မာ့စွယ်စုံကျမ်း၊ မြန်မာ့ရက်စဉ်သမိုင်း(သမိုင်းသုတေသန ဦးစီးဌာန -၂၀၀၉ ခုနှစ်ထုတ်) ပထမတွဲနှင့် ဒုတိယတွဲ၊ ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ပြည့် စာစောင်(၁၉၇၀)၊ အမျိုးသားနေ့ ရွှေရတုသဘင် အထိမ်းအမှတ် စာစောင်(၁၉၇၀)၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ(ဗိုလ်မှူးဘသောင်း)၊ မြန်မာနိုင်ငံ သတင်းစာများ အညွှန်း(တက္ကသိုလ်ထင်ကြီး)၊ ၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ(၂၀၀၉)၊ http://my.wikipedia.org

No comments:

Post a Comment