၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဟေတီကျွန်းမှာ ရစ်(ချ)တာစကေး ၇ ရှိတဲ့ ငလျင်လှုပ်လိုက်တာ မြို့တော်'ပို့အော်ပရင့်စ်'ဟာ မြေကြီးပေါ်မှာ ပြားပြားဝပ်သွားရပါတယ်။ သမ္မတနန်းတော်အပါအ၀င် အဆောက်အအုံတွေအားလုံး
နီးပါးပြိုကျခဲ့တဲ့ အတွက် လူသုံးသိန်းအထိသေပြီး လူတစ်သိန်းကျော်
ခိုကိုးရာမဲ့ဖြစ်ခဲ့ရပါတယ်။
၂၇-၂-၂၀၁၀ ရက်နေ့မှာတော့ ချီလီမှာအင်အားရစ်ခ်ျစတာစကေး ၈-၈ ရှိတဲ့ငလျင် ထပ်မံလှုပ်လိုက်တာ လူ ၇၀၀ ကျော်သေပြီး လူ ၂ သန်းလောက် အိုးအိမ်မဲ့ဖြစ်သွားတယ်လို့ ဆိုပါတယ်။ သတင်းတွေရဲ့အဆိုအရ ဟေတီငလျင်ကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဘိုးဟာ
အမေရိကန်ဒေါ်လာ ၈ ဘီလီယံကနေ ၁၄ ဘီလီယံအကြားမှာရှိပြီး ချီလီငလျင်ကြောင့်
ဆုံးရှုံးရတာကတော့ ၁၅ ဘီလီယံနဲ့ ၃၀ ဘီလီယံအကြားမှာ ရှိတယ်လို့ဆိုပါတယ်။
ချီလီငလျင်ကို လေ့လာမယ်ဆိုရင်၊ ၁၇၃၀ ခုနှစ်မှာ ရစ်ခ်ျစတာစကေး ၈ . ၇၊ ၁၈၃၇ မှာ ၈.၅၊ ၁၉၆၀ မှာ ၉.၅၊ ၂၀၁၀ မှာ ၈.၈ စကေး နဲ့လှုပ်ခဲ့တာကြောင့်၊ ငလျင်ကြီးတွေဟာ တစ်ကြိမ်နဲ့တစ်ကြိမ် အကြားမှာ ၁၀၇ နှစ်၊ ၈၅ နှစ်၊ ၃၈ နှစ်
နဲ့ ၅၀ နှစ်စီ ခြားပြီးလှုပ်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ချီလီအစိုးရကဒါကို
သိလို့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက သူတို့နိုင်ငံထဲမှာ
ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေကိုပဲ ဆောက်လုပ်စေခဲ့တာပါ။
ဒါ့ကြောင့်လည်း ၂၀၁၀ ငလျင်မှာ ဟေတီထက်ပြင်းအားကြီးတဲ့ ငလျင်လှုပ်ခဲ့ပေမဲ့
အသေအပျောက်ကျတော့ ဟေတီနဲ့နှိုင်းစာရင် အများကြီးနည်းခဲ့တာဖြစ်ပါတယ်။
ချီလီလို ငလျင်ဒဏ်ခံ အဆာက်အအုံတွေဆောက်ဖို့ အားနည်းချက်ရှိတဲ့ ဟေတီမှာတော့
သမ္မတနန်းတော်ကစ ပြိုကျ တဲ့အထဲပါသွားရခဲ့ရတာ ဖြစ်ပါတယ်။
၁၉၆၃ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ကမ္ဘာပေါ်မှာငလျင်အကြိမ်ပေါင်း ၃၅၈.၂၁၄ ကြိမ် လှုပ်ခဲ့ပါတယ်။ အဲဒီငလျင်တွေရဲ့ ဗဟိုချက်မတွေကို ကမ္ဘာ့မြေပုံပေါ်မှာ အစက်တွေချပြီးကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံဟာ
ဧရာမငလျင်ကြောကြီးတစ်ခုပေါ်မှာ တည်ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁၅၀ အတွင်းပြင်းအား ၇ အထက်ရှိတဲ့
ငလျင်ကြီးတွေလှုပ်ခဲ့ရာမှာ ဟေတီငလျင်လို လူသိန်းချီသေတာမျိုးတော့
မရှိခဲ့ပါဘူး။ မှတ်သားဖွယ်ရာ ရစ်ခ်ျစတာစကေးတွေကတော့ ၁၈၃၉ ခုနှစ်
အင်းဝငလျင် ၇.၀၊ ၁၉၂၁ ခုနှစ် ပြင်ဦးလွင်ငလျင် ၈.၀၊ ၁၉၃၀ ခုနှစ်
ပဲခူးငလျင် ၇ နဲ့ ၁၉၇၅ ခုနှစ် ပုဂံငလျင် ၆.၈ တို့ဖြစ်ကြပါတယ်။
ပုဂံငလျင်ရဲ့ ရှေ့ပိုင်းတုန်းက တန်ဘိုးကြီးတိုက်တာ အဆောက်အအုံတွေ သိပ်မများဘဲ တိုင်းရင်းသားရိုးရာ အိမ်တွေသာဖြစ်ခဲ့ကြလို့ အဆောက်အအုံပိပြီး သေခဲ့ရတာမျိုး များများစားစားမရှိခဲ့ပါဘူး။ ခုခေတ်မှာတော့ လူတွေဟာ
လူနေအိမ်တွေ ကို တိုက်တွေနဲ့ပဲဆောက်လုပ်နေထိုင်လာကြတာမို့
ငလျင်လှုပ်တဲ့အခါမှာ အဆောက်အအုံပြိုကျပြီး အသက်မဆုံးရှုံးရလေအောင်
ဂရုပြုရမဲ့အချက်အလက်အချို့ကို စုစည်းတင်ပြလိုက်ရပါတယ်။
၁။ မြေနေရာ - အဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာမှာ မုန်တိုင်းဒဏ်က လွတ်အောင်ကုန်းမြင့်ပိုင်းမှာတက်ပြီး ရွေးချယ်ဆောက်လုပ်ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ မုန်တိုင်းဒဏ်ကလွတ်သွားပေမဲ့ မိုးတွင်းမှာ တောင်ပြိုကျလို့
အဆောက်အအုံတွေ အမြစ်ကလန်ထွက်ကုန်လို့ လူတွေပိုပြီး အသက်ဆုံရှုံးကြရတာကို
တွေ့ကြရပါတယ်။ ဒါ့ကြောင့် မြေနေရာရွေးတဲ့နေရာမှာ နားလည်တတ်ကျွမ်းတဲ့
ပညာရှင်တွေနဲ့ တိုင်ပင်ဖို့ကိစ္စဟာ မဖြစ်မနေဆောင်ရွက်သင့်တဲ့ ကိစ္စ
တစ်ရပ်ဖြစ်ကြောင်းတင်ပြလိုပါတယ်။
အဆောက်အအုံဆိုတဲ့နေရာမှာ နေအိမ်သာမက လျှပ်စစ်ဓာတ်အားပေးရုံ၊ စက်ရုံအလုပ်ရုံ၊ လမ်းတံတား၊ ဆည်မြောင်း၊ တာတမံအားလုံးပါပါတယ်။ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပြတ်ရွေ့ကြောကြီးပေါ်မှာ ကြီးမားပြီး အရေးကြီးတဲ့ အဆောက်အအုံ ကြီးတွေ
မဆောက်သင့်ပါဘူး။ GPS ခေါ်တဲ့ ကရိယာနဲ့ တိုင်းထွာပြီး ငလျင်ကြောနဲ့
လွတ်ကင်းတဲ့နေရာကို ရွေးချယ်ပြီးမှ ဆောက်လုပ်သင့်ပါတယ်။
ပါမောက္ခဘရက်ဒီကော့(စ်)က ငလျင်လှိုင်းတွေကြောင့် အောက်ခံမြေလွှာနဲ့ မြေအောက်ရေအနေအထား ပုံစံပြောင်းသွားတဲ့အတွက်ရယ်၊ အဆောက်အအုံဆောက်လုပ်တဲ့နေရာမှာ သံချောင်း၊ ဘိလပ်မြေ၊ သဲ စတာတွေကို ထည့်သင့်တဲ့ အချိုးအတိုင်းမထားခဲ့ကြတဲ့အတွက်ရယ်
ဟေတီမြို့တော်မှာရှိတဲ့ အဆောက်အအုံတွေ အားလုံးနီးပါးပြိုကျခဲ့ရတာဖြစ် . . .
၂။ အောက်ခံမြေသား - အရင်ကတော့ ဆည်၊ ရေတံခါးနဲ့ လမ်းတံတားစတဲ့ ကြီးမားတဲ့အဆောက်အအုံဆောက်လုပ်တဲ့အခါမှသာ Soil Test ခေါ်အောက်ခံမြေသားစမ်းသပ်တဲ့ လုပ်ငန်းကိုလုပ်ခဲ့ကြပါတယ်။ အခုတော့
လူတွေကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လုပ်လာကြသလို သက်ဆိုင်ရာကလည်း Soil Test
လုပ်ပြီးမှ ဆောက်လုပ်ခွင့်အမိန့် ချမှတ်ပေးတာကို တွေ့လာရပါတယ်။
ဘူမိဗေဒပညာရှင်တွေနဲ့ တိုင်းတာကြည့်မယ်ဆိုရင် ကိုယ်ဆောက်မဲ့မြေကြီးပေါ်မှာ
ရစ်ခ်ျ စတာစကေး ၇၊ ၈ စသဖြင့် ပြင်းအားရှိတဲ့ ငလျင်တွေရဲ့
ဒဏ်ကိုခံနိုင်ဖို့ အောက်ခံထုဘယ်လောက်ထိခံရမယ်ဆိုတဲ့ အဖြေထွက်လာမှာပါ။
အဲသလို သက်ဆိုင်ရာနားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီးမှ
စနစ်တကျဆောက်လုပ်မယ်ဆိုရင် အသက်ဘေးအန္တရာယ် ၉၀ ရာခိုင်နှုန်းထိ
လျော့ကျသွားလိမ့်မယ်လို့ ပညာရှင်တွေက အကြံပြုတင်ပြထားတာတွေ ရှိပါတယ်။
၃။ အောက်ခံမြေခံနိုင်မဲ့ ၀န်အလေးချိန် - သဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ်၊ ဗိသုကာဒီဇိုင်းရေးဆွဲတဲ့ နေရာမှာ ညံ့ဖျင်းလို့ပဲဖြစ်ဖြစ် အဆောက်အအုံပြိုကျရတဲ့ အကြောင်းရင်းကတော့ (၂)ချက်ပဲရှိပါတယ်။ အောက်ခံမြေသားမကောင်းလို့ ပြိုကျ ရတာနဲ့ အပေါ်ကဆောက်တဲ့
ဆောက်လုပ်ရေးပစ္စည်းတွေ အရည်အသွေးမပြည့်မီလို့ ပြိုကျရတာတို့ပဲဖြစ်ပါတယ်။
စာရေးသူဟာ ၀န်ထမ်းဘ၀ တာဝန်ထမ်းဆောင်ခဲ့စဉ်က အဆောက်အအုံရဲ့အခြေခံ(Foundation) နဲ့ဆိုင်တဲ့အချက်အလက်တွေကို တင်ပြရတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ရေတံခါးနဲ့ဆည်တွေ
ပြိုကျပျက်စီးတဲ့အခါ အထူးခုံရုံးဖွဲ့ ပြီး စစ်ဆေးရပါတယ်။ အဲဒီလို
စစ်ဆေးတဲ့အခါတိုင်း အထက်ကပြောခဲ့တဲ့ အောက်ခံမြေသားမကောင်းခြင်း
(Foundation Failure) နဲ့ ဆောက်လုပ်ရေးပစ္စည်းများမကောင်းခြင်း (Structure
Failure) နှစ်ခုကလွဲပြီး တခြားပြိုကျရတဲ့ အကြောင်းရင်း ဆိုလို့
ဘာတစ်ခုမှမရှိခဲ့ပါဘူး။ တာဝန်ရှိတဲ့ သက်ဆိုင်ရာအင်ဂျင်နီယာတွေ ရာထူးကျ၊
ငွေလျော်စတဲ့ပြစ်ဒဏ်တွေ ကျခံကြရပါတယ်။ ဆရာဝန်တစ်ယောက်ဆေးကုမှားရင်
အသက်တစ်ချောင်းဆုံးရှုံးမှာဖြစ်ပေမဲ့၊ အင်ဂျင်နီယာတစ်ယောက်မှားရင်တော့
လူတွေအသက်ရာထောင်ထိ ဆုံးရှုံးနိုင်ပါတယ်။
ဟိုတစ်နေ့က ရန်ကုန်မြို့ထဲက အဆောက်အအုံတစ်ခုပြိုကျရာမှာ လူရွယ်တစ်ဦးအသက်ဆုံးရှုံးပြီး မီးသတ်နဲ့ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာအနာတရ ရခဲ့တာရှိပါတယ်။ အဲဒီကိစ္စဟာ Structure Failure လို့ခေါ်တဲ့ အဆောက်အအုံတည်ဆောက်
ပုံမှားယွင်းမှုကြောင့် ပြိုကျခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က
ထုကြီးထည်ကြီးနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံကြီးကို ခေတ်အလိုက်
အကြီးစားပြင်ဆင်မှုတွေ လုပ်ကြရာမှာ အဆောက်အအုံရဲ့ မူလတွက်ချက်ထားတဲ့
ဒီဇိုင်းရဲ့ခံနိုင်အားနဲ့ တင်တဲ့ အလေးချိန် မမျှတမှုကြောင့်
ပြိုကျသွားခဲ့ရခြင်းပါပဲ။
ယခင်ကတော့ ရန်ကုန်မြို့မှာ ငါးထပ်အထက်ဆောက်မှ Soil Test လုပ်ရတာမို့ သုံးထပ်လောက်ဆောက်တဲ့အခါ တချို့ကန်ထရိုက်တွေက Foundation ကို ဖြစ်သလိုချဆောက်ခဲ့ကြပါတယ်။ ဒါ့ကြောင့် တိုက်တွေ စောင်းသွားတာတွေ၊ အခင်းတွေ နံရံ တွေနဲ့
ကော်လံတိုင်ထောင့်တွေ အက်ကွဲသွားတာတွေ ဖြစ်ခဲ့ကြရပါတယ်။ ဒါ့ကြောင့်
နောက်ပိုင်းမှာ ၂ ထပ် ၃ ထပ်ဆောက်ရင်တောင်မှ သက်ဆိုင်ရာက Soil Test
လုပ်ခိုင်းလာတာကို တွေ့ရှိရပါတယ်။
ဒီလို အရည်အသွေးမပြည့်မီတဲ့ အဆောက်အအုံတွေကြောင့် အသက်ဆုံးရှုံးရတဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ ပထမဗိသုကာဒီဇိုင်းပညာရှင်တွေဟာ ရှေးရိုးအတိုင်းမှန်းဆပြီး ပုံစံတူဖြတ်ညှပ်ကပ်တွေနဲ့
ဒီဇိုင်းပုံစံမထုတ်ကြဖို့ လိုပါတယ်။
ကန်ထရိုက်တွေအနေနဲ့ကလည်း စစ်ဆေးဖို့လာတဲ့လူတွေကို မသမာတဲ့နည်းလမ်းတွေနဲ့ ကျေနပ်အောင် လုပ်ပေးလိုက်ပြီး နောင်ခါလာ နောင်ခါဈေးဆိုတဲ့ သဘောနဲ့ဆောက်လုပ်ရေးပစ္စည်းတွေ လျော့မသုံးကြဖို့လိုပါတယ်။ ဟေတီနိုင်ငံက
အနုပညာ လက်ရာမြောက်ပစ္စည်းတွေ မပျက်စီးရအောင်ဆိုပြီး လေးလံတဲ့ပစ္စည်းတွေကို
ဟေတီနန်းတော်ထဲကြီးထဲမှာ စုပြုံထားခဲ့ကြတာတွေရှိခဲ့ပါတယ်။ နောက်တစ်ခါ
နန်းတော်ကြီးကို အကြီးစားပြင်ဆင်မှုလုပ်တဲ့အခါ မူလခံနိုင်ဝန်ထက်
ပိုလေးတာတွေကို ဘောင်ကျော်ပြီး ပြုလုပ်ခဲ့ကြတဲ့အတွက် ငလျင်လှုပ်တဲ့အခါမှာ
အားလုံးပြိုလဲခဲ့ရခြင်း ဖြစ်ပါတယ်။
ဟေတီနိုင်ငံကို ငလျင်သုတေသန စာတမ်းပြုစုဖို့ရောက်လာတဲ့ ပါမောက္ခဘရက်ဒီကော့(စ်)က ငလျင်လှိုင်းတွေကြောင့် အောက်ခံမြေလွှာနဲ့ မြေအောက်ရေ အနေအထားပုံစံ ပြောင်းသွားတဲု့အတွက်ရယ်၊ အဆောက်အအုံဆောက်လုပ်တဲ့ နေရာမှာ
သံချောင်းဘိလပ်မြေသဲစတာတွေ ကိုထည့်သင့်တဲ့အချိုးအတိုင်း
မထားခဲ့ကြတဲ့အတွက်ရယ် ဟေတီမြို့တော်မှာရှိတဲ့ အဆောက်အအုံတွေအားလုံးနီးပါး
ပြိုကျခဲ့ရတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြသွားခဲ့ပါတယ်။
အဓိကအချက်ကတော့ ငလျင်လှုပ်လိုက်တဲ့အခါမှာ မြေအောက်မှာရှိတဲ့ ရေဖိအားမြင့်တက်လာပြီး အောက်ခံအဆောက်အအုံရဲ့ သဲပွင့်တွေကြားထဲက လေခိုနေတဲ့ နေရာလေးတွေထဲကို ရေ၀င်သွားတာနဲ့ အောက်ခံမြေပျော့သွားပြီး အဆောက်
အအုံပြိုကျသွားရတာပါ။ မြင်သာအောင်ပြောရမယ်ဆိုရင်တော့ အဆောက်အအုံရဲ့
အခြေခံအုတ်မြစ် (Foundation) ဆောက်ခဲ့ကြရာမှာ အုတ်သဲကျောက်ဘိလပ်မြေဆိုတဲ့
ဆောက်လုပ်ရေးပစ္စည်းတွေကို သတ်မှတ်တဲ့ အချိုးအတိုင်းမထည့်ဘဲ
လျော့သုံးခဲ့ကြလို့ ဖြစ်ရတာပါပဲ။
ဒီကနေ့ တိုးတက်တဲ့နိုင်ငံတွေမှာတော့ ငလျင်လှုပ်တဲ့အခါမှာ ဒဏ်ခံနိုင်အောင် အောက်ခံဖောင်ဒေးရှင်းတွေကို ကောင်းသထက်ကောင်းအောင် ဆန်းသစ်တီထွင်လာကြတာကို တွေ့ရှိရပါတယ်။
၎။ အရည်အသွေးမီ ဆောက်လုပ်ရေးပစ္စည်းများ အချိုးအစား - အဆောက်အအုံအတွင်းပိုင်းမှာရှိတဲ့ သံချောင်းအရွယ်အစား၊ ကွန်ကရစ် အချိုးအစား၊ နေထိုင်မဲ့လူဦးရေ၊ ထမ်းထားရမဲ့ ပရိဘောဂပစ္စည်း စတာတွေကိုတွက်ချက်ပြီး ၀န်ခံနိုင်ဖို့ ဘယ်လိုတိုင် ဘယ်လိုယက်မတွေကို
အသုံးပြုရမယ်ဆိုတာကို တာဝန်ရှိတဲ့ အင်ဂျင်နီယာတွေက
တွက်ချက်ပေးရမှာဖြစ်ပါတယ်။ ဒါမှလည်း အဆောက်အအုံဟာ ရေရှည်တည်တန့်နိုင်မှာ
ဖြစ်ပါတယ်။
၅။ ဆောက်လုပ်ရေးလုပ်ငန်း စတင်ခြင်းနှင့်စစ်ဆေးခြင်း - ဒီနေ့ဒီအချိန်ခါမှာ ဗဟုသုတနည်းပါးတဲ့ မြေရှင်တွေဟာ ကန်ထရိုက်တချို့ရဲ့ မရိုးမဖြောင့်လုပ်တာတွေကို ခံနေကြရပါတယ်။ တချို့မြေရှင်တွေကတော့ စစ်ဆေးသူ ဒါမှမဟုတ် အတွေ့အကြုံ ရှိတဲ့ အင်ဂျင်နီယာတွေကိုငှားရမ်းပြီး
စစ်ဆေးခိုင်းတဲ့အတွက် အများကြီးအကျိုးထူးတာကို တွေ့ရပါတယ်။ပြီးတော့
ကိုယ်တတ်နိုင်တဲ့ ငွေပမာဏနဲ့ အဆောက်အအုံအရွယ်အစား
အထပ်ဘယ်လောက်ဆောက်သင့်တယ် ဆိုတာကို နားလည်တတ်ကျွမ်းတဲ့
ပညာရှင်တွေနဲ့တိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။
ငလျင်နဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံဟာ ငလျင်ကြောပေါ်မှာရှိတယ်ဆိုပြီး ရင်တုန်ပန်းတုန်ဖြစ်စရာတော့ မလိုပါဘူး။ ဒါပေမယ့် ငလျင်လှုပ်သည်ဖြစ်စေ၊ မလှုပ်သည်ဖြစ် စေလှုပ်မယ်လို့သဘောထားပြီး စိတ်ချရတဲ့အဆောက်အအုံမျိုးကိုသာ
ကြို တင်တွက်ချက်ပြီးမှ ဆောက်လုပ်ကြမယ်ဆိုရင် အသက်ဉာဏ်စောင့်ဆိုတဲ့စကားလို
ဘေးအန္တရာယ်က ကင်းဝေးနိုင်မှာဖြစ်တဲ့အကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။
No comments:
Post a Comment