Chin Engineering Groups

Friday, October 14, 2011

Large Dams and Earthqaukes ဆည်ကြီးများနှင့် ငလျင်

ဆည်အမြင့် ၁၅မီတာ (၅၀ ပေ) ထက် ကျော်လျှင် ဆည်အကြီးစားဟု သတ်မှတ်သည်။ ထို အကြီးစား ဆည်များ တည်ဆောက်ရာ၌ ဆည်အောက်ခြေ မြေဝင်ကို ရေစိမ့်ဝင် ဖြတ်ထွက်သည့်နှုန်း နည်းအောင် ဖြတ်တောက် ပိတ်ဆို့သည့် ဘိလပ်မြေသရွတ်မှုတ်အလွှာ၊
 ရေလျှံလာလျှင် လွှဲထုတ်ရန် ရေပိုလွှဲ၊ ရေကို လိုသလောက် ထုတ်ယူသုံးစွဲရန် ရေထုတ်ပေါက်၊ လျှပ်စစ်ထုတ်ရန် အတွက် ရေယူပေါက်၊ ဓါတ်အားပေး စက်ရုံ အစရှိသည်တို့ ထည့်သွင်း တည်ဆောက်လေ့ ရှိကြသည်။ တမံအမျိုးအစားမှာလည်း အောက်ခံ ကျောက်အမျိုးအစား၊ မြစ် (သို့) ချောင်း၏ စောက်အနက်၊ အကျယ်၊ ဆည်ဆောက်လျှင် သုံးရန် ကျောက်၊ မြေ စသည် တည်ဆောက်ရေးပစ္စည်း ရရှိရန် လွယ်ကူမှုတို့ကို ထည့်သွင်းစဉ်းစား၍ မြေဖို့တမံ၊ ကျောက်ဖို့တမ၊ံ ကွန်ကရိတမံ၊ မြေနှင့် ကျောက် (သို့) မြေ၊ ကျောက်၊ ကွန်ကရိတို့ အပိုင်းလိုက် ဖွဲ့၍ တည်ဆောက် ရသော တမံ အစရှိသဖြင့် ကွဲပြားသွားသည်။ အကျဉ်းချုပ်လျှင် ဖို့တမံနှင့် ကွန်ကရိ တမံများ ဖြစ်သည်။
      တရုတ်ပြည် အနောက်ပိုင်း ပမာဏ ၈.၀ ရှိသော ဝမ်ချွမ်ငလျင် (၁၂-၅-၂၀၀၈) လှုပ်စဉ်က ဖို့တမံနှင့် ကွန်ကရိတမံပေါင်း ၁၈၀၀ ကျော်နှင့် ရေအား လျှပ်စစ်စက်ရုံပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့သည်။ ထို့အတူ ၂၀၁၀ ဖေဖေါ်ဝါရီ ၂၇ ချီလီငလျင် (ပမာဏ ၈.၈) လှုပ်စဉ်ကလည်း ဆည်နှင့် တမံအများအပြား ပျက်သည်။ အင်အား ပမာဏ ၉.၀ ရှိသော ၂၀၁၁ ဂျပန်ငလျင်ကြောင့် ဆည် ၇ လုံး အက်ကွဲမှုရှိပြီး ထိုအထဲမှ ဖူဂျီနူးမား ရေအားလျှပ်စစ်ဆည် ကျိုးပျက်ကြောင်း သိရသည်။ Sydney Morning Herald သတင်းစာအရ အိမ်ခြေ ၁၈၀၀ ခန့် ထိခိုက်ကြောင်း သိရသည်။ ၂၀၀၃ တောင်တွင်းကြီး ငလျင်တုန်းကလည်း ဘန်းကုန်းဆည်၊ ကင်ပွန်းတောင်ဆည်များ ကွဲအက်ကုန်သည်။(ပုံ- ၁)။ ကံကောင်းသည်မှာ ဆည်ထဲက ရေများ စိုက်ပျိုးရေ အတွက် ထုတ်လွှတ်ထားပြီးချိန်နှင့် တိုက်ဆိုင်သဖြင့် ဆည်အတွင်း ရေနည်းကာ ဆည်ကျိုး ရေလွှမ်းခြင်းမှ သက်သာရာ ရခဲ့သည်။

ပုံ-၁ ဘန်းကုန်း ရေလှောင်တမံ (၂၀၀၃)။ တောင်တွင်းကြီးငလျင်ကြောင့် ပြိုပျက်သွားသည့် လှိုင်းကာ ကျောက်ရိုးနှင့် တိမ်းစောင်းသွားသည့် ရေထုတ်ပြွန်ရေထိန်းတံခါး။
      ထိုသို့ ဆည်ကျိုး၊ ဆည်အက်ကွဲသဖြင့် အရေးပေါ် ရေလျှံကျ၊ ရေထုတ်လွှတ်ရလျှင် ဆည်အောက်ဖက်ရှိ လူနေမြို့ရွာများ ရေဘေး ကျရောက်ကာ ဆင်းရဲရသဖြင့် ထိုသို့မဖြစ်စေရန် ဆည်ဆောက်မည် ကြံရွယ် ကတည်းကပင် အင်အားအမြင့်ဆုံးဟု ယူဆသည့် ငလျင် Maximum Credible Earthquake (MCE) ကို ခံနိုင်ရန်ရှိရန် ထည့်သွင်း စဉ်းစားတွက်ချက်ရသည်။ MCE ကို Safety Evaluation Earthquake (SEE) ဟုလည်း သုံးနှုန်း ခေါ်ကြသေးသည်။ ဆည်ကြီးများ တည်ဆောက်ရာတွင် ထိုအရပ်၌ နှစ်ပေါင်း ၁၀၀၀၀ ၌ တစ်ကြိမ် ဖြစ်တတ်သော ငလျင်ကြီးမျိုး (အနှစ် ၁၀၀ ၌ ငလျင်ကြီး ဖြစ်နိုင်ချေ ၁ ရာနှုန်း) ကို ထည့်သွင်း စဉ်းစားရသည်။ ထိုမျှလောက် အင်အားကြီးသော ငလျင်ဖြစ်ရပ်ကို ခန့်မှန်းရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။ သို့ လတ်တလော ဖြစ်ခဲ့သော ဝမ်ချွမ်နှင့် ချီလီ ငလျင်ကြီးများ၏ သင်ခန်းစာကို အနာဂါတ်၌ ဆောက်မည့်ဆည်များအား ပုံထုတ်တွက်ချက်ရာ၌ အသုံးချနိုင်ပါလိမ့်မည်။
      အိုးအိမ် အဆောက်အဦ၊ လမ်းတံတားများနှင့် ဆည်တို့၌ ဖြစ်တတ်သော ဝန်အား သက်ရောက်ပုံ မတူပေ။ ပုံမှန်အားဖြင့် အိမ်စသည် အဆောက်အဦများသည် အထက်ဖက်မှကျသော ဝန်အားကို ထမ်းရသည်။ တမံသည် ချောင်းအထက်ဖက်မှ စီးလာသောရေထုကို ထမ်းရသည်။ ဘေးတိုက်ဝန်အား ဖြစ်သည်။ ငလျင်ကြောင့် ဖြစ်သော ဝန်အားသည်လည်း ဘေးတိုက်ဖြစ်သည်။ တမံက အိမ်အဆောက်အဦ များထက် ဘေးတိုက်ဝန်ကို ပို၍ ထမ်းနိုင်သည်။ ထို့ကြောင့် အိုးအိမ် အဆောက်အဦများ ငလျင်ဒဏ် ခံနိုင်မှု တွက်ချက် ရာ၌ ၄၇၅ နှစ်လျှင် တစ်ကြိမ် ဖြစ်တတ်သော ငလျင် (အနှစ် ၅၀ လျှင် ငလျင်ကြီး ဖြစ်နိုင်ချေ ၁၀ ရာခိုင်နှုန်း) မျိုးကို ထည့်သွင်းစဉ်းစား ကြသော်လည်း ဆည်တစ်လုံးအတွက်မူ အနှစ် ၁၀၀၀၀ တန်း ငလျင်မျိုးကို ထည့်သွင်း တွက်ရန် လိုအပ်သည်။
      ဆည်တစ်လုံးအတွက် ငလျင်သည် အန္တရာယ် ပုံစံ အမျိုးမျိုး ဖြစ်စေနိုင်သည်။
  • မြေပြင် လှုပ်ရမ်းတုန်ခါမှုကြောင့် တမံကိုယ်ထည်တွင်းနှင့် အခြား တွဲဆက် ကိုယ်ထည် အဆောက်အဦများ တွန့်လိပ်သွားနိုင်သည်။ အောက်ခြေမြေဝင် ကွဲအက်သွားနိုင်သည်။
  • ပြတ်ရွေ့ကြီးများ အနီးရှိပါက ထိုပြတ်ရွေ့ကြီး လှုပ်ရှားသဖြင့် တမံ၏ အောက်ခြေ မြေဝင်၌ ရှိနေနှင့်သော အက်ကြောင်းငယ်များပါ လှုပ်ရှား ကွဲအက်ပြီး တမံကိုယ်ထည် ရွေ့လျား တွန့်လိပ်ခြင်းများ ဖြစ်တတ်သည်။
  • ဆည် (ရေလှောင်ကန်) အောက်ဖက် ပြတ်ရွေ့ ရွေ့လျားမှုရှိပါက ဆည်အတွင်း လှိုင်းထ လာနိုင်သည်။ (ဆူနာမီ အသေးစား ပုံစံမျိုး)
  • ကျောက်တုံး၊ ကျောက်စများ တောင်နံရံများ ပြိုကျသဖြင့် ရေတံခါးများ၊ ရေပိုက်လိုင်းများ၊ ဓါတ်အားပေးစက်ရုံ စသည့် အဆောက်အဦများ ပျက်စေနိုင်သည်။
  • ကျောက်တုံးများ။ တောင်စောင်းများ ရေကန်တွင်းသို့ အစုလိုက်အပြုံလိုက် ပြိုကျသဖြင့် ရေလှိုင်းကြီးများ ဖြစ်စေနိုင်သည်။
  • တမံကို ထမ်းထားသော တောင်ခါးပန်းများ ရွေ့ကာ ကိုယ်ထည်ကို ထိခိုက်စေနိုင်သည်။
  • မြေပြင် ရွေ့ခြင်း၊ မြေကျွံနိမ့်ကျခြင်း၊ မြေပျော်ခြင်း စသည့် ဖြစ်စဉ်များကြောင့် တမံ၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည်။
ထိုဖြစ်စဉ်များအထဲမှ အရေးကြီးသည်မှာ မြေပြင် လှုပ်ရမ်း တုန်ခါခြင်းပင် ဖြစ်သည်။ တမံကိုယ်တွင်း ဒဏ်အားများ ပြောင်းလဲခြင်း၊ ပုံပျက်ခြင်း၊ အက်ကွဲခြင်း၊ တမံဘေးတိုက် ရွေ့ခြင်း၊ စောင်းငဲ့ခြင်း စသည့် ဖြစ်ရပ်များကို ဖြစ်စေနိုင်သည်။ ဆောက်လုပ်ရေး စဉ်းမျဉ်းများ၌လည်း ဤအချက်ကို ပြဌာန်းထားလေ့ ရှိကြသည်။

Ref:
http://www.waterpowermagazine.com/story.asp?storyCode=2057622
http://nextbigfuture.com/2011/03/hydroelectric-dam-failures-fujinuma-dam.html
http://chinadigitaltimes.net/2010/09/the-sichuan-earthquakes-lessons-for-dam-builders/
http://www.internationalrivers.org/en/china/china-other-projects/sichuan-earthquake-damages-dams
http://www.kbvp.com/photo/china-7.9-catastrophic-earthquake-infrastructure-dam-and-nuclear-power-plant-damage
http://tintlwinswe.blogspot.com မှကောက်နှတ်တင်ပြသည်.........

No comments:

Post a Comment