Chin Engineering Groups

Friday, October 14, 2011

Tarlay Earthquake တာလေငလျင်

မြန်မာနိုင်ငံ အရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဖက် ၂၅ ကီလိုမီတာ အကွာ အရှေ့လောင်ဂျီကျု ၉၉.၉၄၉ နှင့် လတ္တီကျု ၂၀.၇၀၅ တာလေမြို့ အနီးတစ်ဝိုက်ကို ဗဟိုပြု၍ အင်အား ၇.၀ ရှိသော ငလျင်ကြီးတစ်ခု ၂၄ မတ်လ ၂၀၁၁ ညဦးပိုင်း ၈း၂၅ တွင် လှုပ်သွားကြောင်းသိရသည်။
ငလျင်နှင့် ပါတ်သက်သော USGS Earthquake Information Center ၏ ထုတ်ပြန်ချက်ကို အောက်ပါ ချိတ်ဆက်တွင် ကြည့်နိုင်သည်။http://earthquake.usgs.gov/earthquakes/recenteqsww/Quakes/usc0002aes.php
ထိုငလျင် ဗဟိုချက်ရှိရာ အရပ်ကို Google Earth (R) ၌ တင်ပြထားပုံကို လည်း ပုံ (၁) တွင် ကြည့်နိုင်သည်။

ပုံ (၁) ငလျင် ဗဟိုချက်ပြပုံ။
     ငလျင်ကြောင့် အနီးဆုံး တာလေ မြို့နယ်ခွဲနှင့် လွိုင်မွေရွာ အထိနာသည်။ လူ ၃၀၀ ခန့် သေကျေ ပျက်စီးကာ ၃၀၀၀ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ အိုးအိမ်၊ ကျောင်း အဆောက်အဦ အများအပြား ပျက်ကြောင်း သိရသည်။ ငလျင်အရှိန်ကို ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအိုနှင့် ယူနန် ပြည်နယ်များကပါ ခံရသည်။ ငလျင်ပြင်းအားသည် ဗဟိုချက်နှင့် အနီးဆုံး အရပ်များ၌ မွမ်းမံမာကယ်လီ အတန်း ၉ အထိ ခံရနိုင်ပြီး အတန်ငယ်လှမ်းသော ကျိုင်းတုံပင်လျှင် အတန်း ၅-၆ ထိ ခံရနိုင်သည်။ ပြင်အားများကို ပုံ (၂) ၌ ကြည့်နိုင်ပါသည်။ မြေပုံ၌ မိုင်းဖြတ်ဟု မြို့နေရာကို မှားယွင်းဖေါ်ပြထားသည်။ အမည်မှန်မှာ တာလေ ဖြစ်သည်။

ပုံ (၂) တာလေငလျင်၏ ပြင်းအားပြပုံ
     ငလျင်ကြောင့် ပျက်စီးရပုံများကို ထည့်သွင်း မဖေါ်ပြတော့ပါ။ အောက်ပါ ချိတ်ဆက်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ (Blog ပိုင်ရှင်ထံ ပြန်လည်ဖေါ်ပြခွင့် တောင်းခံထားဆဲ။)
http://akm-kuntha.blogspot.com/2011/03/blog-post_2303.html
ငလျင်အရှိန် ပြင်းထန်လှသည်။ ကံမကောင်း အကြောင်းမလှစွာ ထိုငလျင်၏ အချက်အလက်များကို မြန်မာ ပြည်တွင်းက တိုင်းတာနိုင်ခြင်းမရှိခဲ့။ အခြားတိုင်းပြည်များက တိုင်းကြသော်လည်း အချက်အလက် မစုံနိုင်။ အကြောင်းမှာ မြန်မာဖက်ခြမ်း၌ တိုင်းစက် မထားနိုင်သောကြောင့် ဖြစ်သည်။ ငလျင်အရှိန် acceleration၊ လှိုင်းအလျင် velocity၊ မြေအရွေ့ displacement စသည်အချက်များသည် ဘက်ပေါင်းစုံ တိုင်း မှ ပြည့်စုံသည်။ အဝေးမှတိုင်း၍ ရနိုင်သော အချက်မှာ P, S နှင့် အချို့သော မြေပြင်လှိုင်းများဖြစ်သည်။ ထိုလှိုင်းများမှ တစ်ဆင့် တည်နေရာကို ခန့်မှန်းတွက်ချက်ကြခြင်း ဖြစ်သည်။ ထိုငလျင်လှိုင်းများ ဖိညှစ်လိုက်၊ ဆန့်ထွက်လိုက် စသဖြင့် အစဉ်အတိုင်းရွေ့ပုံကို  စက်က ဖမ်းယူ မှတ်သားထားသည်။ ထိုအရွေ့များ၏ ပုံပန်းသဏ္ဍန်ကို လိုက်၍ မည်ကဲ့သို့သော ပြတ်ရွေ့က လှုပ်သည်၏ု ဆိုနိုင်သည်။ ပုံ (၃) သည် ဤသို့သော အချက်များမှ တစ်ဆင့်ရသည်။ ထိုအခါ တာလေငလျင်သည် အလျားလိုက်ပြတ်ရွေ့ တစ်ခုကို အကြောင်းပြု၍ လှုပ်သည်ဟု ပြောနိုင်သည်။
ပုံ (၃) ငလျင်လှိုင်းများမှတစ်ဆင့် ပြတ်ရွေ့အမျိုးအစားခွဲပြထားပုံ။ (strike-slip mode)
     ငလျင်ဗဟိုချက်နှင့် မနီးမဝေးတွင် နမ်းမား Namma ဟူသော ပြတ်ရွေ့ရှိ၏။ ငလျင်ဗဟိုချက်နှင့် ၅ ကီလိုမီတာခန့် ဝေးသည်။ ငလျင်ဗဟိုချက်ကို တိုင်းတာတွက်ချက်ရာ၌ အလွန်ဝေးသော အရပ်မှ ဖမ်းယူတွက်ချက် ရသဖြင့် ကွာဟချက်ရှိနိုင်သည်။ ထိုငလျင်သည် Namma Fault နှင့် ဆက်စပ်ပုံ ရပြီး ငလျင်ဗဟိုချက်ကိုလည်း နမ်းမား ပြတ်ရွေ့ပေါ်သို့ တင်ပြရပေမည်။ ပုံ (၄) တွင် ကြည့်ပါ။
ပုံ (၄) နမ်းမပြတ်ရွေ့နှင့် တာလေငလျင်
     နမ်းမား ပြတ်ရွေ့သည် လက်ဝဲရွေ့ ပြတ်ရွေ့ Left-lateral Strike-slip fault ဖြစ်သည်။
     တကယ်တော့ ဤအရပ်သည် ငလျင်ကြီး ဤတစ်ကြိမ်သာ လှုပ်ခဲ့ဖူးသည် မဟုတ်ပါ။ ရှေးကလည်း ဖြစ်ခဲ့ဖူးပြီး နောင်လည်း ဖြစ်ဦးမည်သာ။ ရှမ်းကုန်းမြင့် အရှေ့ခြမ်းသည် ငလျင်လှုပ်ရှားမှုများသော အရပ်အဖြစ် အစောပိုင်းကပင် သတိထားမိသည်။ သို့သော် လူနေကျဲပါးပြီး ငလျင်လှုပ်တိုင်း အထိအခိုက် မရှိသဖြင့် မေ့လျော့သွားသည်ချည်း ဖြစ်သည်။ ဤအရပ်၌ နမ်းမားပြတ်ရွေ့အပြင် အခြားပြတ်ရွေ့ကြီးများလည်း ရှိသေးသည်။ ထို အားလုံးသော ပြတ်ရွေ့များသည် ငလျင်ကြီးများ လှုပ်လေ့လှုပ်ထရှိသည်။ ပုံ (၅) တွင် ကြည့်ပါ။ မှတ်တမ်းအရ ၂၀၀၉ တုန်းကလည်း ငလျင်ကြီးလှုပ်ခဲ့ဘူးသည်။
ပုံ(၅) ဒေသတွင်း ငလျင်ဖြစ်ရပ်များ။ လတ်တလောဖြစ်သော တာလေငလျင်များကို အဝါရောင်နှင့် ပြထားသည်။
     ပုံ (၅-၁)
     ဝေးသောအကြောင်းအဖြစ် အိန္ဒိယတိုက်နှင့် ယူရေးယှကုန်းမြေတို့ တွန်းတိုက်ကြရာမှ အစပြုရပေမည်။ ဤသို့တွန်းတိုက်သဖြင့် တိဗက်ပါသော အရပ်သည် ကုန်းမြင့်အဖြစ် အပေါ်သို့ ကြွတက်သည်။ မြန်မာ မြောက်ပိုင်း၊ ယူနန်စသော အပိုင်းများ အရှေ့ဖက်သို့ ရွေ့ကုန်းသည်။ ကမာ့္ဘအတွင်းပိုင်းက အပျော့လွှာ စီးဆင်းမှု mentle flow ကလည်း ဤသို့ တစ်ထပ်တည်းကျသည်။ ထိုအခါ ယူနန်ဖက်၌ Red River ပြတ်ရွေ့ပေါ်ကာ ရှမ်းကုန်းမြေသည် အရှေ့တောင်ဖက်သို့ လည်ထွက်သွားသည်။ စစ်ကိုင်းပြတ်ရွေ့ မြန်မာပြည် အလယ်ပိုင်း၌ ပေါ်ပေါက်ပြီးနောက် ရှမ်းကုန်းမြင့်ရှိ ပြတ်ရွေ့များ ဖြစ်ပေါ်မှုနှင့် ရွေ့ပုံ ပြောင်းသွားသည်။ စစ်ကိုင်းပြတ်ရွေ့နှင့် Red River ပြတ်ရွေ့တို့၏ ရွေ့ရာလမ်းကို ကန့်လန့်ဖြတ်ကာ ဆန့်ကျင်ဖက် အရပ်များသို့ ရွေ့ကြသည်။ ပြတ်ရွေ့ကြီး ၂ ခုနှင့် အခုအခံပြုကာ ရွေ့ရသဖြင့် ငလျင်ဖြစ်စေနိုင်သော အားစုစည်းမှုသည် ထိုပြတ်ရွေ့ကြီးများကဲ့သို့ပင် ဖြစ်သည်။

ပုံ (၆) မြေထုချပ်များ ရွေ့ပုံ။
     စင်္ကာပူ နန်ယန်းတက္ကသိုလ် Earth Observatory of Singapore (EOS) မှ ထိုငလျင်နှင့် ပါတ်သက်၍ ဆောင်းပါးတစ်ပုဒ် ရေးသားထုတ်ပြန်ခဲ့သည်။ အောက်ပါ ချိတ်ဆက်တွင် ကြည့်နိုင်ပါသည်။
http://www.earthobservatory.sg/media/news-and-features/295-myanmar-earthquake-of-march-24th-magnitude-68.html
တာလေငလျင်နှင့် တွဲ၍ဖြစ်သော နမ်မား ပြတ်ရွေ့ မည်မျှလျောထွက်သွားသည်ကို မသိရသေးပေ။ ထိုအချက်ကို လေ့လာသွားရန် လိုအပ်သည်။ ထိုပြတ်ရွေ့ပေါ်ရှိ မယ်ခေါင်မြစ်သည် ၁၂ ကီလိုမီတာခန့် ရွေ့ထားပြီး ဖြစ်သည်။ ထို့ကြောင့် အတိတ်ကလည်း နမ်မားပြတ်ရွေ့ ရွေ့တိုင်း ငလျင်ကြီးလှုပ်သည်။ လက်ရှိ ဘူမိရုပ်သွင် ပြချက်အရ နမ်မား၌ အတော် ရှည်လျားသော လှုပ်ရှားနိုင်စွမ်းရှိသည့် အပိုင်းကို တွေ့ရသည်။ ထို့အပြင် နမ်မားသည် ပြတ်ရွေ့အဆစ် အပိုင်းများစွာ ရှိနေကြောင်း ပဏာမ လေ့လာတွေ့ရှိသည်။ ထိုအဆစ်အပိုင်းတစ်ခုကို ဖြတ်ကျော်တိုင်း ငလျင်ဖြစ်နိုင်သည်။ သို့သော် တစ်ခါ ဖြတ်ကျော်ပြီးတိုင်း တစ်ခါ စွမ်းအင်သုံးစွဲရသည့် သဘော ဖြစ်သော ကြောင့် နောက်ဆက်တွဲ ငလျင်ကြီးကို မျှော်လင့်မထားပါ။ အခြား အဆစ်အပိုင်း လှုပ်ရှားမှုကိုမူ မပြောနိုင်ပါ။
www.tintlwinswe.blogspot.com

No comments:

Post a Comment