Chin Engineering Groups

Friday, October 14, 2011

Phyu Earthquake (1930) ဖြူးငလျင် (Part 1)

ဖြူးငလျင်ဟု အမည်ပေးရသော ငလျင်များသည် ၁၉၃၀ ဒီဇင်္ဘာလ ၃ နှင့် ၄ တွင် ယခု တောင်ငူခရိုင်  ဖြူးမြို့ အနီးကို ဗဟိုပြု၍ လှုပ်ခဲ့သည်။ ပမာဏညီတူနီးပါး ရက်ဆက်လှုပ်ခဲ့သော ငလျင်ကြီးများ ဖြစ်သည်။ ထိုစဉ်က အဖြစ်အပျက်တို့ကို J. Coggin Brown and Leicester တို့က ၁၉၃၃တွင်
Memoir of the Geological Survey of India, Vol. LXII Part 1 ၌ ဖေါ်ပြခဲ့ကြသည်။
     ၁၉၃၀ မေလ ၅ ရက် ညဦးပိုင်း ၈း၁၈ အချိန် ပဲခူးမြို့တောင်ဖက် တစ်နေရာကို ဗဟိုပြု၍ ငလျင်ကြီးတစ်ခု လှုပ်ခဲ့သည်ကို အစောပိုင်းတွင် ဖေါ်ပြခဲ့ပြီးပြီ။ ထိုနှစ်အတွင်းမှာပင် ပဲခူးမြောက်ဖက် ဖြူးမြို့ အနောက်တောင် ဖက်ယွန်းယွန်း၌ ပဲခူးငလျင်နှင့် ပမာဏညီတူနီးပါး ရှိသော ငလျင်ကြီး ၂ ခု ၂ ရက်ဆက် လှုပ်ခဲ့သည်။ ရှေးဆရာများက ပဲခူးငလျင်၏ နောက်ဆက်တွဲ ဖြစ်နိုင်ကောင်း၏ဟု စဉ်းစားခဲ့ကြသော်လည်း ယခု စာရေးသူက ထိုသို့မယူဆ၊ သီးခြားစီဖြစ်သော ငလျင်များဟု ယူဆသည်။ ယူဆစရာ အကြောင်းများစွာ ရှိသည်။ ပထမအချက်မှာ ငလျင်များ (ပဲခူး နှင့် ဖြူး) အားလုံးသည် လက်ရှိ လက်ခံထားသော စစ်ကိုင်း ပြတ်ရွေ့နှင့် ဆက်စပ်သည်။ ထို့အပြင် စစ်ကိုင်းပြတ်ရွေ့ (ကီလိုမီတာ ၁၀၀၀ ကျော် ရှည်လျား)သည် တဆက်တည်း မဟုတ်ဘဲ အဆစ်ပိုင်းများ ရှိနေနိုင်သည်။ ထိုအဆစ်အပိုင်းများသည် တစ်ခုချင်းစီ လှုပ်ရှားနိုင်သကဲ့သို့ ၊ ဆင့်ကဲ လှုပ်ရှားနိုင်သည်။ ဤအယူအဆကို ၂၀၀၆ က မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဆွေးနွေးပွဲ တစ်ခုတွင် တင်ပြခဲ့ဘူးသည်။ ယခု ဖြူးငလျင်သည် ထိုထိုသော ဆင့်ကဲဖြစ်စဉ် ဖြစ်တန်သည်။
     ကော်ဂျင်ဘရောင်းနှင့် လိုင်ဆက်စတာတို့၏ မှတ်တမ်းအရ ဖြူးငလျင်သည် ချက်ချင်းလှုပ်သည့် ငလျင်မျိုးမဟုတ်ပေ။ ၁၉၃၀ ဇူလိုင်မှ ဒီဇင်္ဘာထိ ငလျင်ငယ်ပေါင်း ၁၃ ကြိမ်လှုပ်ခဲ့ကြောင်း အခိုင်အမာ ဆိုထားသည်။ ထိုနှစ် စက်တင်္ဘာ ၁၆ တွင် ငလျင် ခပ်ပြင်းပြင်းတစ်ခု လှုပ်ကြောင်းနှင့် ထိုငလျင်ကြောင့် ဖဒိုရဲစခန်း နံရံ၌ အက်ကြောင်းများ ပေါ်ကြောင်း ဆိုထားသည်။
     ၁၉၃၀ ဒီဇင်္ဘာ ၃ရက် ည ၁၀နာရီ ၁၅မိနစ်ခန့်တွင် ဖြူးမြို့၌ ငလျင်ခပ်ပြင်းပြင်း လှုပ်သဖြင့် မြို့နေအများ ထိတ်လန့်ကြသည်။ ငလျင်အရှိန်ကို ပျဉ်းမနား၊ ရမည်းသင်း၊ ပဲခူးနှင့် သထုံမြို့များကပင် သိရှိခစားရသည်။ ည ၁၁း၀၆ တွင် ဒုတိယ ငလျင်လှုပ်ပြန်သည်။ ပထမငလျင်ထက်စာလျှင် ပိုပြင်းသည်။ ပျဉ်းမနားမြို့ထိ ပြင်းအား သက်ရောက်ပုံရသည်။ ပထမငလျင်ကို ရန်ကုန်မှ သိကြသော်လည်း ဒုတိယငလျင်ကို မသိဟု ဆိုသည်။
     ၁၉၃၀ ညသန်းခေါင်အလွန် ၄ရက်နေ့ ၁း၂၂ တွင် ပဲခူးငလျင်လောက် အင်အားပြင်းထန်သော ငလျင်ကြီးတစ်ခု ဖြူးမြို့တစ်ဝိုက် တုန်လှုပ်ခဲ့သည်။ အုတ်နှင့်ဆောက်သော အဆောက်အဦအားလုံးနီးပါး ပျက်စီးကာ လူ ၃၀ သေဆုံးသည်ဟု မှတ်တမ်းရှိခဲ့သည်။ နောက်ဆက်တွဲ ငလျင်များ နောက်နေ့ နံနက် ၅ နာရီခန့်ထိ ဆက်တိုက်လှုပ်ကာ ရက်ပေါင်းအတန်ကြာသည်အထိ လှုပ်နေဆဲ ဖြစ်ကြောင်းသိရသည်။ ငလျင်ဗဟိုချက်ကို ဖြူးမြို့ အနောက်တောင်ဖက်ယွန်းယွန်းဟု မှတ်ချက်ပေးထားသည်။ ငလျင်အရှိန်ကို မြန်မာပြည် ဒေသအတော်များများ၌ ခံစားသိကြသည်။ ချင်းတွင်းမြစ်ဝမ်း၊ မန္တလေး၊ မိုးမိတ်၊ မိုးကုတ်၊ ရခိုင်အရှေ့ခြမ်း၊ ရှမ်းပြည် ကျိုင်းတုံအရပ်များထိ ငလျင်အရှိန်ရောက်ရှိသည်။
     ဖြူးမြို့ အနောက်တောင်ဖက် ပဲခူးရိုးမ တောင်ခြေရှိ ခင်တန်းကြီးရွာတစ်ဝိုက် အပျက်များသည်။ ဖြူးတောင်ဖက် ၂ မိုင်မှ ခင်တန်းကြီးကျောက်ထုတ်စခန်းသို့ ဖေါက်လုပ်ထားသည့် ၄ မိုင်ရှည်သော ရထား လမ်းပိုင်း အကြီးအကျယ် ပျက်သည်။ တောင်ဖက်သို့  ၂ပေခွဲခန့် ရွေ့သွားသည်။ ရထားလမ်းနှင့် အပြိုင် အက်ကြောင်းကြီးများ ပေါ်သည်။ သဲနှင့် ရေများ ပန်းထွက်သည်။ အိုးဘိုကုန်းရွာနားအရောက်တွင် သစ်သား ခုံတုံးများ (ဇလီဖါး) ကျွတ်ထွက်ကုန်သည်။ လမ်းသည် လိမ်တွန့်သွားသည်။ ကျောက်ကျင်း (quarry faces) နံရံများ ပြိုကျသည်။ မြေပြင်သည်လည်း ၄၊ ၅ ပေခန့်ကျယ်ပြီး ကိုက်ပေါင်းများစွာ ရှည်သော အက်ကွဲကြောင်း ကြီးများ ဖြစ်ကုန်သည်။ မပျက်ဘဲ ကျန်သည်ဆို၍ တောင်စွယ်၌ဆောက်ထားသော ယမ်းတိုက်သာ လုံးဝ ပြိုပျက်သွားသည် အထိ မဖြစ်ခဲ့ပေ။ ရွာနီးဝန်းကျင်ရှိ စေတီပုထိုး အားလုံနီးပါး ပြိုကျ ပျက်စီးသွားသည်။ ဝါးဓနိအိမ်များ ယိမ်းယိုင်လဲကျပြီး အခြား အိမ်များကတော့ ပြိုကျကုန်သည်ချည်းပင်။ ဇေယျဝတီ အနောက် ဖက်နယ်မှ အိမ်များ၊ ပဲနွယ်ကုန်း အနောက်မြောက်ဖက်နယ်မှ အိမ်များလည်း ထိုသို့ပင် ပျက်စီးကြောင်း သိရသည်။
     ဖြူးရှိ အုတ်နှင့်ဆောက်ထားသော အဆောက်အဦများ ပျက်သည်။ အသစ်ဆောက်ကာစ အုတ်ညှပ် အဆောက်အဦများတော့ မပျက်ပေ။ သစ်အဆောက်အဦများ ရွဲ့စောင်းကြသည်။ မြို့ပေါ်ရှိ စေတီပုထိုးများ၊ ကျောင်းများ အတော်ပျက်သည်။ အကြီးစားစက်ရုံများ၏ အောက်ခြေမြေဝင် အက်သည်။ အချို့ အောက်ခြေမှ ပြတ်၍ ရွေ့လျားကုန်သည်။ စက်ရုံခေါင်းတိုင်၊ ရေစင်၊ အုတ်တိုင်များ ပစ်လဲကုန်သည်။ သစ်သားဘူတာရုံ အမိုးပြုတ်သည်။ ရပ်ထားသော ရထား ၁၃ တွဲအနက်မှ ၅ တွဲသည် ယိမ်းထိုးကာ အနောက်ဖက်ခြမ်းသို့ လမ်းချော်ကျသည်။ မြေနိမ့် မြေကျွံမှုများ၊ သဲနှင့် ရေပန်းထွက်သဖြင့် မြေနိမ့်ပိုင်းအချို့ ရေလျှံမှုများ ရှိသည်။ ရထားနှင့် ကားလမ်းပေါင်များ အက်သည်။ ဖြူးချောင်းတံတား ကျိုးသည်။ တံတားတိုင်များ လည်ပြီး ထောက်များပြုတ်ကာ ချောင်းထဲသို့ ပြုတ်ကျခြင်းဖြစ်သည်။ တံတားပုခုံးနံရံလည်း မြေတွင်းသို့ကျွံသည်။ အချို့နေရာတွင် ခုံးထသည်။ ပုံများကို ရှုပါ။ (ဖြူးမြို့ ရှိ အိမ်များ။ ဖြူးချောင်းတံတားနှင့် ဖြူးချောင်း မြောက်ဖက်ရှိ မီးရထားလမ်း တာပေါင်တွန့်ခေါက်သွားပုံ။)

     ဖြူးမြောက်ဖက်ရှိ ညောင်ခြေထောက် အုတ်တိုက် ၄ လုံးစလုံး ပြိုသည်။ သစ်သားတိုင် အုတ်ခင်း ဘူတာရုံလည်း အက်ကုန်သည်။ စေတီများထိတ်ပြတ်သည်။ တောင်ဖက်ရှိ ညောင်ပင်သာ၌ အုတ်တိုက် ပျက်သည်။ မြင့်သောစေတီ ထိတ်ပြတ်၍ နိမ့်သောစေတီ ပြိုကျသည်။ သစ်သားဘူတာရုံ အရှေ့တောင်သို့ စောင်းသွားသည်။
    ဖြူးမြို့မြောက်ဖက် ၁၅ မိုင်အကွာရှိ ကျွဲပွဲလည်း အတော်အထိနာသည်။ ဈေး အုတ်နံရံများအားလုံး ပြိုကျသည်။ ဇေယျဝတီလည်း ညောင်ခြေထောက်နီးပါးပင် ပျက်သည်။ ရထားဘူတာရုံ ပလက်ဖေါင်း အက်သည်။ သဲနှင့် ရေ ပန်းထွက်သည်။ ဘန့်ဘွေးကုန်းနှင့် အုတ်တွင်းတို့၌ မြေအက်ကာ ဘီရိုများ အလဲလဲ အပြိုပြို ဖြစ်ကုန်သည်။
     တောင်ငူဈေးအတွင်းမှ အိမ်တစ်လုံး အိမ်ရှေ့ဆင်ဝင် ပြိုကျသည်။ အုတ်အဆောက်အဦ အတော်များများ အက်ကုန်ကြသည်။ စေတီပုထိုးများလည်းပျက်သည်။ စစ်တောင်းမြစ် ကမ်းပါးတစ်လျောက် အက်ရာများ ပေါ်သည်။ သဲပွက်လည်း နေရာအနှံ့ထသည်။ သံတောင်မှ ကျောက်အုတ်နှင့် ဆောက်ထားသော တစ်ထပ်တိုက် အကြီးအကျယ် ထိခိုက်ပျက်စီးသည်။ မီးခိုးခေါင်းတိုင်များလည်း ပြုတ်ကျသည်။ စာတိုက် အုတ်နံရံများ ပြိုကျကာ ပရိဘောဂ အသုံးအဆောင်များ လဲပြိုသည်။ တောင်ငူ သံတောင် လမ်းပေါ်ရှိ ရွှေညောင်ပင်၌လည်း ထိုနည်းတူစွာ အပျက်အစီးရှိသည်။ ရေတာရှည်တွင် အုတ်တိုက်များ တစ်ပိုင်းပျက်ကာ အက်ကွဲကုန်သည်။ ရေမြောင်းအောက်ခင်းပြင် မြင့်သွားသဖြင့် ရေစီးရေလာ ရပ်သွားသည်။တောင်ကုန်းများ၌ အက်ကြောင်းများ ပေါ်သည်။ စပါးကျီများ ပြိုကျကုန်သည်။ ရေတာရှည်မြောက်ဖက်၌ မြေကွဲပြီး ရေများ ပန်းထွက်လာသဖြင့် လယ်ကွင်းများ၌ ရက်အတန်ကြာ ရေဝပ်သည်။ ဆွာမြို့အနီး ရထား တံတား ၂ ခု ထိခိုက် ပျက်စီးသည်။ ရေလျှံထွက်ကာ နီးစပ်ရာ ချောင်းငယ်များထဲသို့ စီးဝင်သည်။ ချောင်းကမ်းနဖူးများ အက်ရာပေါ်သည်။ သဲပွက်သည်။ စေတီများ ထိပ်ပိုင်းပြတ်သည်။
     ဖြူးတောင်ဖက် ကညွတ်ကွင်း၌လည်း အိမ်များပျက်သည်။ ဈေးအုတ်တံတိုင်းများ ပြိုသည်။ ရဲစခန်းလည်း မွမွကြေသည်။ ပဲနွယ်ကုန်း၌ အိမ်းများ အက်ကွဲကုန်သည်။ မြေကြီးအက်၍ သဲများ ပန်းထွက်သည်။ စေတီ ပြိုသည်။ လမ်းမနှင့် ရထားလမ်း တာပေါင် မြေကျွံနိမ့်ကျသည်။ ပဲနွယ်ကုန်းအနောက် ပဲခူးရိုးမအခြေရှိ ခိုင်ခိုင်ခန့်ခန့် ဆောက်ထားသော ဝါးအိမ်ပင် ယိမ်းယိုင်လဲကျသည်။ ဖဒိုတွင် အုတ်တိုက် ဆိုးဆိုးရွားရွား ပျက်သည်။ ပျဉ်ထောင်အိမ်များ ပြုတ်ထွက်ကုန်သည်။ မြေကွဲ၍ ရွံ့ရေများ ပန်းထွက်သည်။
     ဖြူးငလျင်၏ ပြင်းအားကို ဘရောင်းနှင့် လိုင်ဆက်စတာတို့က မြန်မာပြည်တွင်းရှိ အခြားဒေသများ၌ ခံစားရမှုများကိုပါ ထည့်သွင်း၍ မြေပုံ ရေးဆွဲခဲ့သည်။ ငလျင်ပြင်းအားကို ထိုစဉ်က အသုံးများသော ရိုစီဖိုရယ် အတန်းများနှင့် ဖေါ်ပြထားသည်။ အောက်တွင် ဖေါ်ပြလိုက်ပါသည်။

No comments:

Post a Comment